洪荃诠

တရုတ် အတွေ့အကြုံများသည် နိုင်ငံတကာ ဆင်းရဲမှု လျှော့ချရေးအတွက် အကျိုးပြုနေ

(GMT+08:00)2020-10-18 14:13:24  

အောက်တိုဘာလ ၁၇ ရက်နေ့ဟာ တရုတ် နိုင်ငံတော် ဆင်းရဲမှု လျှော့ချရေးနေ့နဲ့ နိုင်ငံတကာ ဆင်းရဲမှု ပပျောက်ရေးနေ့ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်တဲ့ စာရင်း အရ လူတစ်ဦး နေ့စဉ် အမေရိကန်ဒေါ်လာ ၁့ ၉ ဒေါ်လာ ဖြစ်တဲ့ နိုင်ငံတကာ ဆင်းရဲမှု စံချိန်စံနှုန်းအရ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ နှစ် ၄၀ ကျော်အတွင်း လူစုစုပေါင်း သန်း ၈၀၀ ကျော် ဆင်းရဲမှု ပပျောက်ခဲ့ပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံး ဆင်းရဲမှု ပပျောက်သူ စုစုပေါင်းဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် နှစ်ကုန်အထိ တရုတ်နိုင်ငံမှာ ဆင်းရဲမှု ဖြစ်ပွါးမှုနှုန်းဟာ ၁၀့ ၂ ရာခိုင်နှုန်း ရှိရာကနေ ၀့ ၆ ရာခိုင်နှုန်းအထိ ကျဆင်းလာခဲ့ပါတယ်။ ဒီနှစ်မှာ အလွန်အမင်း ဆင်းရဲမှု ဘက်စုံ ပပျောက်ရေးလုပ်ငန်းကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးနောက် တရုတ်နိုင်ငံဟာ လျာထားချိန်ထက် ၁၀ နှစ် စောပြီး ကုလသမဂ္ဂရဲ့ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး အစီအစဉ်ပါ ဆင်းရဲမှု လျှော့ချရေး ရည်မှန်းချက်ကို အကောင်အထည် ဖေါ်ဆောင်နိုင်မှာ ဖြစ်ပြီး နိုင်ငံတကာ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းအတွက် အရေးကြီးစွာ အကျိုးပြုသွားမယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။
တရုတ်ပြည် ဒေသအရပ်ရပ်မှာ ကုန်ထုတ်လုပ်မှု၊ ဂေဟစနစ်၊ ပညာရေး စတဲ့ နယ်ပယ်များမှာ ဆင်းရဲမှု ပပျောက်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ပြီး အကျိုးသက်ရောက်မှု ထင်ရှားစွာ ရရှိနိုင်ခဲ့ပါတယ်။ အဲဒါတွေဟာ တရုတ်ပြည် ဆင်းရဲမှု လျှော့ချရေး ဖြစ်စဉ်ကို တွန်းအားပေးတဲ့အပြင် အခြားနိုင်ငံများရဲ့ ဆင်းရဲမှု ပပျောက်ရေး လုပ်ငန်းအတွက်လည်း အတွေ့အကြုံများကို ဖန်တီးပေးနေပါတယ်။ လက်တင်အမေရိကနဲ့ ကယ်ရီဘီယံ စီးပွါးရေး ကော်မတီ အမှုဆောင် အတွင်းရေးမှူးချုပ် ပါဆယ်နာက၊ ပြီးခဲ့တဲ့ နှစ်များအတွင်း တရုတ်နိုင်ငံဟာ ဆင်းရဲမှုဆိုင်ရာ စံနှုန်းများ သတ်မှတ်ကာ ဆင်းရဲမှု ဖြစ်စေတဲ့ အကြောင်းရင်းများကို ရှာကြံ၍ ရည်ညွှန်းချက်ထားပြီး ဆင်းရဲသူများကို အကူအညီ ပေးခဲ့ကြောင်း၊ လက်တင်အမေရိကနဲ့ ကယ်ရီဘီယံနိုင်ငံများဟာ အဲဒီ အတွေ့အကြုံများကို ကိုးကား လေ့လာနိုင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်ကလည်း ရည်ညွှန်းချက် သတ်မှတ်ပြီး ဆင်းရဲသူများအား အကူအညီပေးခြင်းဟာ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အကောင်အထည် ဖေါ်ဆောင်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်ကြောင်း၊ တရုတ် အတွေ့အကြုံများဟာ အခြား ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အကျိုးရှိတဲ့ ကိုးကားစရာများကို ဖန်တီးပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။